အင်္ဂလိပ်စာ သင်ခန်းစာ

Election ဆိုင်ရာ အီဒီယံအသုံးအနှုန်းများ (၄)

မီဒီယာ

အသံ
TEXT SIZE - +
ဒေါ်လှလှသန်း
ပြန်လည်ထုတ်လွှင့် - ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာလည်း ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အီဒီယံအသုံးအနှုန်းများဖြစ်တဲ့ full court press, two minute drill,  နဲ့ dig up the dirt တို့ကို တင်ပြထားပါတယ်။

အခုလို ရွေးကောက်ပွဲတွေ ကျင်းပဖို့ ပြင်ဆင်နေတဲ့ကာလမှာ အမေရိကန်သတင်းစာတွေ၊ ဂျာနယ်မဂ္ဂဇင်းတွေမှာ သုံးနှုန်းတတ်တဲ့ အီဒီယံစကားစုတစုကို ဒီနေ့ တင်ပြပေးပါမယ်။ အဲဒါကတော့ အသုံးအနှုန်းကတော့ full court press ဖြစ်ပါတယ်။ Full = အပြည့်အဝ, Court = အဓိပ္ပါယ်အမျိုးမျိုးရှိပေမယ့် ဒီနေရာမှာတော့ ကစားကွင်းကို ဆိုလိုပြီး, Press = ဖိအားပေးတာကို ဆိုလိုပါတယ်။ စကားစုတစုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ ဖိအားအပြည့်အဝပေးခြင်း ဖြစ်ပါတယ်။  ဒီအသုံးအနှုန်းကတော့ ဘတ်စကက်စ်ဘော ကစားပွဲက ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ ဘတ်စကက်စ်ဘော ကစားရာမှာ ထုံးစံအနေနဲ့ အသင်းတသင်းက ကစားသမားဟာ တဖတ်အသင်းက ဂိုးသွင်းတိုင်ဆီ ဘောလုံးကို ပုတ်ယူပြေးလွှာကစားရပြီး ဂိုးပိုက်ထဲ သွင်းထည့်လိုက်ပြီးတာနဲ့ ချက်ချင်း မိမိဂိုးတိုင်ဖက်ဆီ တိုက်ရိုက်သုတ်တင်ပြေးလာပြီး တဖတ်အသင်း ဂိုးမသွင်းနိုင်အောင် ကာကွယ်ပေးကြရပါတယ်။ အဲဒီ ဘတ်စကက်စ်ဘောကွင်းကို Court လို့ ခေါ်ပါတယ်။ Press ကတော့ ဖိအားပေးတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။

ဒါကြောင့်မို့ full court press အသုံးအနှုန်းက ကိုယ့်ကွင်းဖက်ကို ပြန်မဆုတ်တော့ဘဲ တဖတ်အသင်း ကွင်းဖက်မှာ တရစပ် ဖိအားပေး ကစားသွားခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။ အလုံးအရင်းနဲ့ ဖိအားပေးသည်။ ဒါမှမဟုတ် တရစပ်ဖိအားပေးသည် အဓိပ္ပါယ် သက်ရောက်စေပါတယ်။

ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The Mayor is undertaking a full court press to get fund for a new hospital in his city.
မြို့ တော်ဝန်က သူ့မြို့ မှာ ဆေးရုံးအသစ် ဆောက်လုပ်နိုင်ဖို့ ရန်ပုံငွေ ရရှိရေးအတွက် ဘက်စုံကနေ မရရအောင် ကြိုးပမ်းနေလေတယ်။

အမေရိကန် အီဒီယံအသုံးအနှုန်းတွေ အတော်များများဟာ ယှဉ်ပြိုင်တဲ့ အားကစားပွဲတွေက ဆင်းသက်လာတာ ဖြစ်ပါတယ်။ နောက်ထပ်ပေးမယ့် အီဒီယံအသုံးအနှုန်းက two minute drill ဖြစ်ပါတယ်။ Two = နှစ်, Minute = မိနစ် အချိန်, Drill = လေ့ကျင့်မှု တို့ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ နှစ်မိနစ် လေ့ကျင့်မှု ဖြစ်ပါတယ်။ ဒါပေမဲ့ အီဒီယံသွယ်ဝိုက် အဓိပ္ပါယ်ကတော့ အရှုံးနဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေ၊ အချိန်ကလည်း မရှိတော့တဲ့ အခြေအနေမျိုးမှာ အထိရောက်ဆုံး ဖြစ်လိမ့်မယ်လို့ ယူဆရတဲ့ တိုက်စစ်နည်းကို ရုတ်တရက်ပြောင်းလဲ အသုံးပြုလိုက်ခြင်း ဖြစ်ပါတယ်။ Two minute drill က အမေရိကန်ဘောလုံးကစားနည်းက ဆင်းသက်လာတာ ဖြစ်ပါတယ်။

အမေရိကန်ဘောလုံးပွဲကတော့ မြန်မာဘောလုံးကစားနည်းလို့ မဟုတ်ဘဲ ခြေနဲ့လည်း ကန်နိုင်သည့်အပြင်၊ လက်နဲ့လည်း ပိုက်ပြီး တဖက်ကွင်းဆီကို ယူပြေးနိုင်တဲ့ ကစားနည်းပါ။ ဂိုးစည်းကိုကျော်ပြီး ယူပြေးသွားနိုင်ရင်၊ ဒါမှမဟုတ် ဘောလုံးကို ဖမ်းနိုင်ရင် အမှတ်ရနိုင်ပါတယ်။ စုစုပေါင်း ကစားချိန်ဟာ မိနှစ် ၆၀ ရှိပါတယ်။ ဒါကြောင့်မို့ ပွဲသိမ်းခါနီး နှစ်မိနစ်အလိုမှာ ရှုံးနေတဲ့အသင်းက နိုင်နေတဲ့အသင်းကို အပြန်ရလိုရငြား ကစားနည်းစနစ်ကို ပြောင်းတတ်ကြပါတယ်။ တဖက်စည်းအရောက် မိမိဘောလုံးအသင်းက ကစားသမားကို ပြေးခိုင်းပြီး ဘောလုံးပစ်ပေးတဲ့ နည်းစနစ်သုံးခြင်းအားဖြင့် ကံကောင်းရင် အနိုင်ရနိုင်ပါတယ်။ ဒီစနစ်ဟာ အခါခပ်သိမ်းတော့ မအောင်မြင်ပေမဲ့ ဘောလုံးကို ဖမ်းမိပြီး ဂိုးစည်းထဲ ဝင်သွားနိုင်ရင် အရှုံးအနိုင် အခြေအနေဟာ တနည်းတဖုံပြောင်းလဲသွားနိုင်ပါတယ်။

ဒါကြောင့် ဒီအသုံးကို နိုင်ငံရေးနယ်ပယ်နဲ့ စီးပွားရေးနယ်ပယ်မှာ အခြေအနေပြောင်းဖို့ အလောသုံးဆယ် လိုအပ်ရင် သုံးလေ့ရှိပါတယ်။

Two minute drill အသုံးအနှုန်းနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Only a week until the elections we are still behind time to go to our two minute drill.

ရွေးကောက်ပွဲ ကျင်းပဖို့ တပတ်ပဲ လိုတော့တယ်။ အခုထိ ဘာမှမပြီးသေးဘူး။ ဒါကြောင့် ထိရောက်ပြီး လျှင်မြန်တဲ့ အပြောင်းအလဲမျိုးတော့ လုပ်ဖို့ လိုနေပြီ။

ရွေးကောက်ပွဲ ကျင်းပနေစဉ်ကာလမှာ ကိုယ်စားလှယ်လောင်းတွေဖြစ်တဲ့ အထူးသဖြင့် သမ္မတဖြစ်ဖို့ ရည်မှန်းသူတွေနဲ့ ပတ်သက်လို့ နောက်ကြောင်းအရှုပ်အရှင်း ရာဇဝင်တွေကို သတင်းမီဒီယာတွေက လိုက်လံရှာဖွေ စုံစမ်းဖော်ထုတ်လေ့ ရှိပါတယ်။ ဒီလိုမျိုး အခြေအနေမှာ အသုံးပြုတဲ့ အီဒီယံကတော့ dig up the dirt ဖြစ်ပါတယ်။ Dig Up = တူးဖော်သည်, Dirt = အညစ်အကြေး၊ အမှိုက်သရိုက် တို့ ဖြစ်ကြပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ အမှိုက်သရိုက်၊ အညစ်အကြေးတို့ကို တူးဖော်ပါ ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကတော့ အရှုပ်တော်ပုံတို့ကို ဖော်ထုတ်ပါ။ ဒါမှမဟုတ် တယောက်ယောက်ကို စိတ်အနှောက်အယှက်ပေးတာ၊ နစ်နာစေတာတို့ကို ဖော်ထုတ်ပါလည်း ဖြစ်ပါတယ်။

နိုင်ငံရေးပြိုင်ဖက်ပေါ်မှာ သူ့နောက်ကြောင်း ဘာများလျှို့ ဝှက်ချက် ရှိခဲ့သလဲ။ သူကို ပရိသတ်အလယ်မှာ အရှက်တကွဲဖြစ်ရအောင် စုံစမ်းထောက်လှမ်းတာမျိုးဟာ နိုင်ငံရေးလောကတိုင်းမှာ ရှိစမြဲပါ။

အခုတင်ပြမယ့် ဥပမာမှာ သူ့ပြိုင်ဖက်ကိုယ်စားလှယ်လောင်းတဦးရဲ့  နောက်ကြောင်း အရှုပ်တော်ပုံတွေ တူးဆွပေးဖို့၊ နိုင်ငံရေးဆိုင်ရာ လုပ်စားသူတဦးကို တာဝန်ပေးတာ ဖြစ်ပါတယ်။    

ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

We spent weeks trying to dig up dirt on this guy. We talked to his enemies and looked at court’s records. The only dirt we found is two traffic tickets for speeding. I hate to say it, but the guy looks clean.

ဒီအမျိုးသားမှာ အရှုပ်တော်ပုံများ ရှိထားသလဲဆိုတာကို သိရအောင် ကျနော်တို့ ကြိုးပမ်းရှာဖွေခဲ့တာ သတင်းအပတ် အတော်ကြာခဲ့ပြီ။ ကျနော်တို့က သူ့ရန်ဖက်တွေကို မေးမြန်းခဲ့ပြီး တရားရုံးက မှတ်တမ်းတွေ ရှာဖွေခဲ့တယ်။ တခုတည်းသော သူ့သတင်းဆိုးကတော့ ကားမောင်းကြမ်းလို့ ယာဉ်ထိန်းရဲက ဒဏ်တတ်တဲ့ လက်မှတ်နှစ်စောင်ရထားတာပဲ ဖြစ်ပါတယ်။ ကျနော် သိပ်တော့ မပြောချင်ဘူး။ ဒါပေမဲ့ ဒီအမျိုးသားက ခြောက်ပစ်ကင်းနေပုံ ရတယ်။
This forum has been closed.
Comment Sorting
Comments
     
by: aungmyowin from: malaysia
26.10.2012 12:42
အရမ်းကောင်းပါတယ်
အခန်းဆက်အနေနဲ့ ဖော်ပြပေးနိုင်ရင် ပိုကောင်းမယ်လို့မျှော်လင့်ပါတယ်
ကျေးဇူးပါ

အပတ်စဉ် တီဗွီမဂ္ဂဇင်း

Loading
๑๒:๐๐:๐๐ / -:--:--
ကုလလူ့အခွင့်အရေးကိုယ်စားလှယ် မြန်မာခရီးစဉ်၊ အမေရိကန်သမ္မတရဲ့ မိန့်ခွန်းထဲက မြန်မာအကြောင်း အပါအ၀င် တပတ်အတွင်း မြန်မာနဲ့ နိုင်ငံတကာ သတင်းများ၊ မေဆွိရဲ့ မြန်မာ့အရေး အမြင်နဲ့ သက်တံရောင်သတင်းလွှာ ...