Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

undefined


အပတ်စဉ် တနင်္ဂနွေနေ့ ည ၉း၀၀-၁၀း၀၀ နာရီ အစီအစဉ်တွင် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုအဖွဲ့ အသီးသီးနဲ့  သက်ဆိုင်ရာပုဂ္ဂိုလ်များ၏ အတွေးအမြင် ဆွေးနွေးဖလှယ်မှုများကို ထုတ်လွှင့်တင်ဆက်ပေးနေပါတယ်။


အောက်တိုဘာ ၅၊ ၂၀၀၈ - မြန်မာနိုင်ငံမှ အဖိုးတန်ကျောက်မျက်ရတနာများ တင်သွင်းရေး ပိတ်ဆို့မှု ဥပဒေ (Block Burma Jade) ကို အမေရိကန်ပြည်ထောင်စုက အတည်ပြု ပြဌာန်းထားပေမဲ့ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ရှိ ကျောက်စိမ်းတွင်းတွေဟာ စည်းကားနေဆဲဖြစ်ပါတယ်။ မြန်မာကျောက်စိမ်းတွေကို တရုတ်နိုင်ငံက အဓိက၀ယ်ယူနေပါတယ်။ ကျောက်မြတ်ရတနာပြပွဲ နဲ့ မှောင်ခိုလမ်းတို့မှ ရောင်းဝယ်နေတာမို့ နှစ်စဉ်ရောင်းဝယ်နေမှု တန်းဖိုးကို အတိအကျ ခန့်မှန်းမရပါ။ ဒီကျောက်စိမ်းတွင်းတွေကို စစ်အစိုးရ နဲ့ ဆက်နွယ်လုပ်ကိုင်နေတဲ့ ပြည်တွင်းပြည်ပ ကုမ္မဏီတွေက ဖက်စပ်လုပ်ကိုင်ရတာကြောင့် ရသမျှ အမြတ်ဝင်ငွေ အများစုကို စစ်အစိုးရ ရရှိနေပါတယ်။ ကချင်ပြည်နယ် ဒေသမှာတော့ သဘာဝပတ်ဝန်ကျင် ထိခိုက်မှု၊ မူးယစ်ဆေးဝါးပြဿနာ၊ အကျင့်စာရိတ္တပျက်ပြားမှု၊ ရာဇ၀တ်မှု ထူပြောမှု၊ HIV/AIDS ရောဂါပြန့်ပွားမှု တို့ တိုးပွားလာနေပါတယ်။ ဒီ အကြောင်းတွေနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံအခြေစိုက် ကချင်လူငယ်နဲ့ကျောင်းသားများ သမဂ္ဂအဖွဲ့ (All Kachin Youth and Students Union) တာဝန်ခံ နော်လ ကို ဗွီအိုအေ မြန်မာသတင်း ဌာနမှုး ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။နားဆင်ရန်


စက်တင်္ဘာ ၂၈၊ ၂၀၀၈ - စက်တင်္ဘာ ၂၀၀၇ ရဟန်းသံဃာများ ဦးဆောင်ခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေး တနှစ်ပြည့်ခဲ့သလို၊ ရွှေဝါရောင်တော်လှန်ရေး မတိုင်မီ ဓါတ်ဆီဈေးနှုန်း နဲ့ ကုန်ဈေးနှုန်း တက်လာတဲ့အပေါ် ဦးဆောင် ဆန့်ကျင်ကန့်ကွက်ခဲ့လို့ အဖမ်းဆီးခံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျာ၊ ကိုဌေးကြွယ်၊ ကိုပြုံးချို၊ ကိုဂျင်မီ၊ ကိုမြအေး တို့လည်း စစ်အစိုးရ အကျဉ်းစခန်းထဲမှာ အကျဉ်းကျခံနေရတာ တနှစ်ကျော်ကြာသွားခဲ့ပါပြီ။ ဒီ အထိန်းသိမ်းခံ ကျောင်းသားခေါင်းဆောင်တွေ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ပေမဲ့ သူတို့တတွေကို ရန်ကုန်တိုင်း တရားရုံးရှစ်ခုမှာ အမှုပေါင်း ၂၁ မှုနဲ့ တရားစွဲဆိုထား ခံနေရပါတယ်။ ဒီ စွပ်စွဲစီရင်ချက်အပေါ် ရှင်းလင်းသိရှိနိုင်ဖို့ ဗွီအိုအေ မြန်မာသတင်း ဌာနမှုး ဦးသန်းလွင်ထွန်း က မြန်မာနိုင်ငံ ရှေ့နေများကောင်စီ အထွေထွေအတွင်းရေးမှုး ဦးအောင်ထူး ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။ နားဆင်ရန်


စက်တင်္ဘာ ၂၁၊ ၂၀၀၈ - မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုအတွင်း အရေးပါတဲ့ စက်တင်္ဘာလ တတိယအပတ်မှာ ခေတ်သစ် ဒီမိုကရေစီရေး လှုပ်ရှားသူတွေရဲ့  အသက်သွေးကြောလို့ ပြောလို့ရမယ့် အင်တာနက်အခြေပြု သတင်းစာမျက်နှာတွေ တိုက်ခိုက်ခံခဲ့ရပြီး သတင်းဖြန့်ချီမှုတွေအတွက် အနှောင့်အယှက် ဖြစ်ခဲ့ရပါတယ်။ New Media ခေါ် အင်တာနက် သတင်းဖြန့်ချီမှုတွေဟာ မြန်မာနိုင်ငံအပါအ၀င် အာဏာရှင်စနစ် ကျင့်သုံးတဲ့ နိုင်ငံအတော်များများမှာ ပိတ်ဆို့ဖြတ်တောက်ခြင်း ခံနေရသလို ပြင်ပကနေ သတင်းတွေပေးပို့နေတဲ့ သတင်းကွန်ယက်ဌာနတွေကိုပါ ကွန်ပြူတာနည်းပညာနဲ့ ထိုးနှက်တိုက်ခိုက်ပြီး လုပ်ငန်းတွေ ရပ်တန့်သွားအောင် လုပ်နေတာကို ခံနေရပါတယ်။ ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ယနေ့မြန်မာ (Burma Today) လို့ ခေါ်တဲ့ အင်တာနက်အခြေပြု မြန်မာဒီမိုကရေစီအရေး သတင်းဌာန တာဝန်ခံ ဦးမြင့်လှိုင် ကို ဗွီအိုအေ မြန်မာသတင်းဌာနမှုး ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။ နားဆင်ရန်


စက်တင်္ဘာ ၁၄၊ ၂၀၀၈ - မြန်မာစစ်အစိုးရ စီစဉ်နေတဲ့ ၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲဆိုတာဟာ ရုတ်တရက်အားဖြင့် အဝေးကြီးလိုပါသေးတဲ့လို့ မြင်ရပေမဲ့ မကြာခင်မှာဘဲ ၂၀၀၈ ခုနှစ် ကုန်ဆုံးလို့ ၂၀၀၉ ခုနှစ်ထဲ ရောက်လာတော့မှာမို့ သိပ်မဝေးတော့ဘူးလို့လည်း ပြောလို့ရပါတယ်။ ဒီရွေးကောက်ပွဲ တကယ် ဖြစ်လာမှာလား? ဖြစ်လာခဲ့ရင် ဘယ်သူတွေက ၀င်ပြီးယှဉ်ပြိုင်ကြမလဲ? ဘယ်လိုပြင်ဆင်ကြမလဲ? စတဲ့ မေးခွန်းတွေ နဲ့ ပြည်ပရောက် အတိုက်အခံ နိုင်ငံရေး အင်အားစုတွေလည်း ဒီအရေးကို ဘယ်လိုခံယူပြီး ဘယ်လိုပြင်ဆင်နေကြသလဲ ဆိုတာကို မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစုအဖွဲ့ (Forum for Democracy in Burma) အတွင်းရေးမှုးချူပ် ဒေါက်တာနိုင်အောင် ကို ဗွီအိုအေမြန်မာသတင်းဌာနမှုး ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။ နားဆင်ရန်


စက်တင်္ဘာ ၀၇၊ ၂၀၀၈ - မကြာခင် ကျင်းပတော့မဲ့ နယူးရော့ခ်မြို့  ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံကြီးမှာ တက်ရောက်လာမဲ့ မြန်မာစစ်အာဏာရှင် ကိုယ်စားလှယ်အဖွဲ့မှာ မြန်မာပြည်သူတွေကို ကိုယ်စားမပြုတဲ့ ဖိနှိပ်ချုပ်ချယ်သူ စစ်အာဏာပိုင်အဖွဲ့သာဖြစ်ကြောင်း ကန့်ကွက်ပွဲကို စက်တင်္ဘာလ ၅ ရက်နေ့က ကုလသမဂ္ဂရုံးချုပ်ရှေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။ Credential Challenge လို့ခေါ်တဲ့ ညီလာခံ ကိုယ်စားပြုခွင့်ကို တရားဝင်ကန့်ကွက်ရေး တင်သွင်းမှုကိုလည်း စက်တင်္ဘာလ ၉ ရက်နေ့မှာ မြန်မာအတိုက်အခံအဖွဲ့အစည်းတွေက ကုလသမဂ္ဂရုံးချုပ် Credential ကော်မတီကို တင်သွင်းဖို့ ဆုံးဖြတ်ထားကြပါတယ်။ ဒါပေမဲ့ အခုလို တရားဝင် တင်သွင်းမှုအရေးမှာ အခက်အခဲတချို့  ရှိနေတယ်လို့ ဆိုပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ကုလသမဂ္ဂညီလာခံ ကိုယ်စားပြုခွင့် တရားဝင်ကန့်ကွက်မှုကို ဦးဆောင်နေတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) အထွေထွေအတွင်းရေးမှုး ဦးမောင်မောင် ကို ဗွီအိုအေမြန်မာသတင်းဌာနမှုး ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။ နားဆင်ရန်


သြဂုတ် ၃၁၊ ၂၀၀၈ - အနှစ် ၂၀ ကြာခဲ့ပြီးတဲ့ကာလမှာ ၁၉၈၈ ခုနှစ်က မြန်မာပြည်သူတွေရဲ့  နိုင်ငံရေး အုံ့ကြွမှု ဘာကြောင့် မအောင်မြင်ခဲ့သလဲ။ မြန်မာဒီမိုကရေစီတိုက်ပွဲ ဘာကြောင့် ဒီလောက် ကာလကြာရှည်နေရသလဲ ဆိုတာတွေကို ဝေဖန်ဆန်းစစ် သူတွေ အတော်များလာပါတယ်။ လူပြောအများဆုံး သုံးသပ်ချက်တွေကတော့ ၁၉၈၈ ခုနှစ်က အတိုက်အခံ ခေါင်းဆောင်တွေ မညီညွှတ်ခဲ့ကြလို့၊ လူအများစုဟာ သဘောထား ပြင်းထန်ပြီး အပေးအယူ စေ့စပ်မှုကို လက်မခံချင်ဘဲ အာဏာရှင်စနစ် အမြစ်ပြုတ်ရေးကိုဘဲ လောဘတကြီး တောင်းဆိုခဲ့မှု၊ အာဏာရှင်တွေရဲ့  ရက်စက်ကြမ်းကြုတ်မှု၊ ထပ်တလဲလဲ ဖမ်းဆီးခံ၊ အထိန်းသိမ်းခံ၊ ခံနေရဆဲဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင်၊ ကိုကိုကြီး စတဲ့ ခေါင်းဆောင်တွေကြောင့် မြန်မာဒီမိုကရေစီ နဲ့ အလှမ်းကွာဝေးနေရတာ ဖြစ်တယ်လို့ ဆိုသူတွေလည်း ရှိပါတယ်။ ဒီအကြောင်း သုံးသပ်ဝေဖန်ချက်တွေ နဲ့ ပတ်သက်ပြီး ဗွီအိုအေ ဌာနမှုး ဦးသန်းလွင်ထွန်း က လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ပါတီရေးရာကော်မတီ အဖွဲ့ဝင် ဦးဇော်မင်း အား ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။ နားဆင်ရန်


သြဂုတ် ၂၄၊ ၂၀၀၈ - ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရဲ့ အထူး အကြံပေးပုဂ္ဂိုလ် မစ္စတာ အီဗရာဟင်မ် ဂမ်ဘာရီ (Mr. Ibrahim Gambari) မြန်မာပြည်ကို ခြောက်ကြိမ်မြောက် သွားရောက်ခဲ့တဲ့ အစီအစဉ်ကို သြဂုတ်လ ၂၃ ရက် (စနေနေ့) က အဆုံးသတ်ခဲ့ပါတယ်။ ခရီးစဉ်များအနက် ဒီတကြိမ် ခရီးစဉ်က အငြင်းပွါးဖွယ်အဖြစ်ဆုံးလို့ ဆိုကြပါတယ်။ မြန်မာစစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နဲ့ တွေ့ဆုံခွင့်မရခဲ့သလို၊ မြန်မာဒီမိုကရေစီ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း တွေ့ဆုံခဲ့ခြင်းမရှိခဲ့ပေ။ စစ်အစိုးရ အဖွဲ့အစည်းတွေ နဲ့ တွေ့ဆုံမှုများပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တိုင်းရင်းသားအဖွဲ့အစည်းများ နဲ့ တွေ့ဆုံမှုနည်းခဲ့ပါတယ်။ စစ်အစိုးရ ချမှတ်လုပ်ကိုင်နေတဲ့ လမ်းပြမြေပုံအတိုင်း ၂၀၁၀ ရွေးကောက်ပွဲကို လုပ်ကိုင်ဖို့ တိုက်တွန်းခဲ့တာကြောင့် ပြည်တွင်းပြည်ပ ဆန့်ကျင်မှုများကို ခံရပါတယ်။ ဒီအကြောင်းအရာများ နဲ့ မစ္စတာ ဂမ်ဘာရီ ခရီးစဉ် လုပ်ကိုင်မှုတို့ကို ပြည်ပရောက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော် ကို ဗွီအိုအေမြန်မာသတင်းဌာနမှုး ဦးသန်းလွင်ထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။ နားဆင်ရန်


သြဂုတ် ၁၇၊ ၂၀၀၈ (ပြန်ထုတ်လွှင့်) - နိုင်ငံတကာအလယ်မှာ လူ့အခွင့်အရေး ဖောက်ဖျက်နေတဲ့ နိုင်ငံများအဖြစ် အမြဲဖော်ပြခြင်း ခံနေရတဲ့ မြန်မာ၊ ဆူဒန်၊ ဇင်ဘာဘွေ၊ မြောက်ကိုးရီးယား စတဲ့ နိုင်ငံတွေထဲက ဆူဒန်နိုင်ငံရဲ့  လက်ရှိ သမ္မတ အိုမာ အလ်ဘရှား (Omar al-Bashir) ကို နိုင်ငံတကာ ရာဇ၀တ်တရားရုံး (ICC) ကနေ ဖမ်းဝရမ်း ထုတ်ပေးဖို့အရေး တရားလိုရှေ့ နေချုပ်က တောင်းဆိုလိုက်ပါတယ်။ ICC ကနေ ဆူဒန်အစိုးရ ခေါင်းဆောင်ကို တရားစွဲပြစ်ဒဏ်ပေးဖို့ လုပ်ဆောင်နေသလို လူ့အခွင့်အရေး ရာဇ၀တ်မှု ကျူးလွန်းနေတဲ့ မြန်မာစစ်အာဏာရှင် ခေါင်းဆောင်များကို ဘယ်လို တရားစွဲလုပ်ဆောင်နိုင်မလဲ၊ ဥပဒေဆိုင်ရာ လုပ်ဆောင်ရန် လိုအပ်ချက်များ၊ လက်တွေအားဖြင့် ဘယ်လောက်ထိရောက်မှု ရှိနိုင်သလဲ၊ နိုင်ငံတကာ နဲ့ ဒေသတွင်း တုန့်ပြန်မှု၊ အကျိုးရလဒ် စတဲ့ နိုင်ငံတကာ တရားဥပဒေဆိုင်ရာများကို အမေရိကန်အခြေစိုက် မြန်မာ့လူ့အခွင့်အရေး တရားမျှတရေးအဖွဲ့ (Justice for Human Rights in Burma - လွန်ခဲ့တဲ့ နှစ်အတန်ကြာကတည်းက မြန်မာစစ်ခေါင်းဆောင်တွေကို ဘယ်လ်ဂျီယန်တရားရုံး တခုမှာ တရားစွဲနိုင်ဖို့အရေး ကြိုးစားခဲ့တဲ့အဖွဲ့) ရဲ့  တာဝန်ခံ ဦးဝင်းမိုး (၈၈ ကျောင်းသားခေါင်းဆောင်ဟောင်း) နဲ့ ဥပဒေပါရဂူ ချင်းအမျိုးသား ဒေါက်တာ အင်ဒရူး ငွေကျုံလျန် (Indiana University School of Law) တို့ကို ဗွီအိုအေမြန်မာသတင်း ဌာနမှုး ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။ နားဆင်ရန်


သြဂုတ် ၁၀၊ ၂၀၀၈ - ၁၉၈၈ ရှစ်လေးလုံး လူထုအုံကြွမှုအောက်မှာ မြန်မာ့ဆိုရှယ်လစ်ပါတီ ပြိုကွဲသွားပြီး နိုင်ငံတော်အုပ်ချုပ်မှု ယန္တယားပျက်ခဲ့သလို စစ်ထောက်လှမ်းရေးအဖွဲ့ကြီးလည်း ဘာကိုမှလုပ်ဆောင် ထိန်းသိမ်းနိုင်ခြင်း မရှိခဲ့ပါဘူး။ စက်တင်္ဘာလအတွင်း စစ်တပ်က အာဏာသိမ်းခဲ့တာလည်း ထောက်လှမ်းရေးရဲ့  အကွက်ချလုပ်ဆောင်မှု မဟုတ်ဘဲ စစ်တပ်တခုလုံးအနေနဲ့ အာဏာရှင် ဦးနေ၀င်းရဲ့  အမိန့်ကို နာခံပြီး လုပ်ခဲ့ရတာဖြစ်တယ်။ အဲဒီလို လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်က ဖြစ်ခဲ့ရတဲ့ စစ်ထောက်လှမ်းရေးအဖွဲ့အတွင်းက အခြေအနေ၊ လုပ်ဆောင်ခဲ့တာတွေကို ဗွီအိုအေ ဌာနမှုး ဦးသန်းလွင်ထွန်း က စစ်ထောက်လှမ်းရေးဟောင်း ဗိုလ်မှူးအောင်လင်းထွဋ် အား ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။ နားဆင်ရန်


သြဂုတ် ၃၊ ၂၀၀၈- လွန်ခဲ့တဲ့ အနှစ် ၂၀ သြဂုတ်လဆန်းပိုင်းက မြန်မာနိုင်ငံဟာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီလို့ ခေါ်တဲ့ တစ်ပါတီ အာဏာရှင် စံနစ်အောက်မှာ စီးပွားရေး၊ လူမှုရေး အကျပ်အတည်းတွေနဲ့အတူ အထွေထွေ လူထုအုံကြွပေါက်ကွဲမှုကြီး တခုဆီကို အမြင့်မားဆုံး ဦးတည်နေတဲ့အချိန် ဖြစ်ပါတယ်။ ရှစ်လေးလုံး လှုပ်ရှားမှုဆိုတဲ့ ဆန္ဒပြ တက္ကသိုလ်ကျောင်းသားတွေရဲ့ တိုက်ပွဲခေါ်သံတွေကို နိုင်ငံတကာ အသံလွှင့်ဌာနတွေကနေတဆင့် စပြီးကြားလာရတဲ့အချိန်လည်းဖြစ်ပါတယ်။ အဲဒီလို အချိန်အခါမျိုးမှာ နိုင်ငံတ၀ှမ်းလုံး ဖိမ့်ဖိမ့်တုန်အောင် ကြောက်နေခဲ့ရတဲ့ MI လို့ခေါ်တဲ့ စစ်ထောက်လှမ်းရေးအဖွဲ့ကြီးရဲ့ အခန်းကဏ္ဍက ဘယ်လိုရှိခဲ့ပါသလဲ။ အမေရိကန် ပြည်ထောင်စုမှာ ၂၀၀၅ ခုနှစ်က သံတမန်တဦးအဖြစ် နိုင်ငံရေး ခိုလှုံခဲ့သူ စစ်ထောက်လှမ်းရေးဟောင်း ဗိုလ်မှူးအောင်လင်းထွဋ် ကို ဦးသန်းလွင်ထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။ နားဆင်ရန်


ဇူလိုင် ၂၇၊ ၂၀၀၈ - Prisoner of Conscience ကို "ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေသူများ (သို့) နိုင်ငံရေးအကျဉ်းသမားများ" လို့ ခေါ်ပါတယ် ။ နိုင်ငံရေး ယုံကြည်ချက်အပြင်၊ ဘာသာရေးယုံကြည်ချက်၊ ဖိုမ၊ အသားအရောင် နဲ့ ယဉ်ကျေးမှု ရိုးရာဓလေ့ ယုံကြည်ချက် တွေက သက်ဆိုင်ရာ ဖိနိုပ်သူ အဖွဲ့အစည်းတွေရဲ့  မူဝါဒနဲ့ မကိုက်ညီတာမို့ အဲဒီခံယူချက် ကွဲလွဲသူတွေကို ဖမ်းဆီးချုပ်နှောင်းထားခြင်း၊ အကျယ်ချုပ်ချထားခြင်း၊ ပြောဆိုသွားလာခွင့်တွေ ပိတ်ပင်ခြင်းတွေနဲ့ သက်ဆိုင်ပါတယ်။ဇူလိုင်လ ၂၄ ရက်နေ့က နယူရော့မြို့  ကမ္ဘာကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပခဲ့တဲ့ "ယုံကြည်မှုကြောင့် အကျဉ်းချခံထားရသူများ" အရေး ဆွေးနွေးပွဲ မှာ မြန်မာနိုင်ငံရဲ့  အခြေအနေနဲ့ ကိုယ်တိုင်အတွေ့အကြုံတွေကို တင်ပြခဲ့တဲ့ အမေရိကန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့  (US Campaign for Burma) ဒါရိုက်တာ ဦးအောင်ဒင် ကို ဆွေးနွေးပွဲ ရည်ရွယ်ချက်၊ အာဏာရှင်အစိုးရများအောက် နိုင်ငံရေး အကျဉ်းသားများ အခြေအနေ၊ နိုင်ငံရေးလုပ်တာ အပြစ်ရှိလား၊ မြန်မာနိုင်ငံရေးအကျဉ်းသမားများ အခြေအနေ၊ ကုလသမဂ္ဂ လူ့အခွင့်အရေး ပဋိညာဉ်စာတမ်း နဲ့  နိုင်ငံတကာ ဖိအားပေးလုပ်ဆောင်မှု အကြောင်းအရာများကို ဗွီအိုအေမြန်မာသတင်း ဌာနမှုး ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။ နားဆင်ရန်


ဇူလိုင် ၁၃၊ ၂၀၀၈ - စင်္ကာပူနိုင်ငံမှာ ကျင်းပပြုလုပ်မဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီး ဆွေးနွေးပွဲမှာ အာဆီယံပဋိဥာဉ် စာတမ်းကို နိုင်ငံတွေအလိုက် အတည်ပြုနိုင်ရေး ပိုပြီးဖြစ်လာနိုင်စရာတွေ ရှိပါတယ်လို့ အာဆီယံအတွင်းရေးမှုးချုပ် ဒေါက်တာ ဆူရင် ပစ်ဆူဝန် (Dr. Surin Pitsuwan) ပြောကြားထားပါတယ်။ အာဆီယံအဖွဲ့ကြီးအနေနဲ့ အဖွဲ့ကြီးရဲ့  လုပ်ငန်းဆောင်တာတွေကို ပိုပြီးတိတိကျကျ တာဝန်ခွဲဝေ သတ်မှတ်နိုင်ရေးအပြင် ဒေသအတွင်း လူ့အခွင့်အရေး စောင့်ရှောက်နိုင်ရေးအပိုင်းကိုပါ ဒီ ပဋိဥာဉ်စာချုပ်ထဲမှာ ထည့်သွင်းထားတာဖြစ်ပါတယ်။ ဒီအချက်ဟာ ဒေသအတွင်းမှာ လူ့အခွင့်အရေး နဲ့ ပတ်သက်ပြီး ဝေဖန်ခံနေရတဲ့ မြန်မာနိုင်ငံလို နိုင်ငံမျိုးအတွက် အခြေအတင် ငြင်းခုံစရာအချက်တွေလည်း ဖြစ်နေခဲ့တာမို့ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အာရှပစီဖိတ်ဒေသဆိုင်ရာ မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Burma Partnership) ရဲ့  တာဝန်ခံတဦးဖြစ်သူ ဒေါ်ခင်ဥမ္မာ ကို ဗွီအိုအေမြန်မာသတင်း ဌာနမှုး ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။ နားဆင်ရန်


» ထုတ်လွှင့်ခဲ့ပြီး အစီအစဉ်များ